ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားရှိ မိုဘိုင်းဖုန်း ရောင်းချမှုနှုန်း သည် နှစ်စဉ် မြင့်တက်လျက်ရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းများကို အဆင့်မြင့် နည်းပညာများဖြင့် အသုံးပြုကာ အမြဲ တီထွင်ထုတ်လုပ်ကြသောကြောင့် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုနှင့် ဝယ်လိုအားက မြင့်တက် လာခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Samsung, Nokia နှင့် Apple တို့သည် ကမ္ဘာ့မိုဘိုင်းဖုန်း ဈေးကွက်ကို ကြီးစိုးနေသော်လည်း ယခုနှစ်တွင် ကမ္ဘာ့အရောင်းရဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ်များ၌ လူသိရှိမှုနည်းပါးသော အမှတ်တံဆိပ်များ ပါဝင်လာခဲ့သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အရောင်းရဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ် (၁၀) ခုကို ရောင်းချရသည့် ပမာဏ၊ ကုမ္ပဏီ၏ ဈေးကွက်ရှယ်ယာတို့ဖြင့် ဖော်ပြလိုက်ပါသည်။
10. CoolpadCoolpad သည် Coolpad Group Limited ၏ တရုတ် စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်သည်။ Coolpad Group Limited သည် ရှန်ကျန်းမြို့တွင် အခြေစိုက်သော ဆက်သွယ်ရေး ပစ္စည်းကိရိယာ ကုမ္ပဏီတစ်ခုဖြစ်သလို ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က ဖုန်း ၃၂.၆၀ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၁.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့သည်။
9. SonySony သည် ဂျပန်နိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီတစ်ခု ဖြစ်သလို ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားသော မိုဘိုင်းဖုန်း အမှတ်တံဆိပ်များအနက်မှ တစ်ခုလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က Sony သည် မိုဘိုင်းဖုန်း ၃၇.၅၉ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၂.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။
8. LenovoLenovo သည် ကမ္ဘာအနှံ့အပြားတွင် အခြေစိုက်ရုံးများရှိသည့် ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ မော်ရစ်ဗီလီမြို့နှင့် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တို့တွင် တွေ့ရှိနိုင်သည်။ ပြီးခဲ့သည့်နှစ်က Lenovo ကုမ္ပဏီသည် မိုဘိုင်းဖုန်း ၄၅.၂၈ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၂.၅ ရာခိုင်နှုန်း ရရှိခဲ့သည်။
7. AlcatelAlcatel သည် တရုတ်နိုင်ငံတွင် အခြေစိုက်သည့် TCL Communication ၏ အမှတ်တံဆိပ် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် TCL, RCA နှင့် Alcatel စသည့် အမှတ်တံဆိပ်များဖြင့် ထုတ်ကုန်များကို ရောင်းချလျက်ရှိသည်။ ၎င်းကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က မိုဘိုင်းဖုန်း ၄၉.၅၃ သန်း ရောင်းချခဲ့ပြီး ဈေးကွက်ရှယ်ယာ ၂.၇ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။
6. Huaweiတရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် အခြေစိုက်သည့် Huawei ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ပစ္စည်းကိရိယာ ထုတ်လုပ်သည့် ကုမ္ပဏီလည်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ၏ ပြီးခဲ့သည့်နှစ်က Huawei မိုဘိုင်းဖုန်း ရောင်းချမှုသည် ၅၃.၂၉ သန်းရှိခဲ့ပြီး ဈေးကွက်ရှယ်ယာအားဖြင့် ၂.၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။
5. ZTEZTE သည်လည်း တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ စမတ်ဖုန်း ထုတ်လုပ်သည့် ထိပ်တန်း ကုမ္ပဏီ (၁၀) ခုအနက် တစ်ခုအပါဝင် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ZTE အမှတ်တံဆိပ်ဖြင့် ရောင်းချခဲ့သည့် စမတ်ဖုန်း ၅၉.၈၉ သန်းရှိပြီး ဈေးကွက်ရှယ်ယာ ၃.၃ ရာခိုင်နှုန်း ရရှိခဲ့သည်။
4. LGLG သည် တောင်ကိုရီးယား စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကုမ္ပဏီက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်သည်။ ပြီးခဲ့သည့်နှစ်က LG မိုဘိုင်းဖုန်း ၆၉.၀၂ သန်း နီးပါး ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၃.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။
3. AppleApple သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး စမတ်ဖုန်း အမှတ်တံဆိပ်များအနက်မှ တစ်ခုဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ကူပါတီနိုမြို့တွင် အခြေစိုက်ပြီး ပြီးခဲ့သည့်နှစ်က မိုဘိုင်းဖုန်း ၁၅၀.၇၉ သန်း ရောင်းချခဲ့ရသည်။ ဈေးကွက်ရှယ်ယာမှာ ၈.၃ ရာခိုင်နှုန်း ဖြစ်ပြီး ကမ္ဘာ့အရောင်းရဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ်တွင် တတိယနေရာ၌ ရပ်တည်ခဲ့သည်။
2. NokiaNokia သည် ဖင်လန်နိုင်ငံ၊ တမ်ပါရီမြို့တွင် အခြေစိုက်သည့် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က မိုဘိုင်းဖုန်း ၂၅၀.၇၉ သန်း ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၁၃.၉ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့အရောင်းရဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ် စာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။
1. SamsungSamsung သည် ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့အရောင်းရဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ်တွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့် အမှတ်တံဆိပ်ဖြစ်သည်။ တောင်ကိုရီးယားတွင် အခြေစိုက်သည့် Samsung ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က မိုဘိုင်းဖုန်း ၄၄၄.၄၄ သန်း နီးပါး ရောင်းချခဲ့ရပြီး ဈေးကွက်ရှယ်ယာ ၂၄.၆ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည်။